Mei Awm Law

ရှက်စရာကျွန်ုပ်ဘဝ နဲ့ မြန်မာ့လျှပ်စစ်မီး


နားကြားများလွဲနေသလားတော့ မသိဘူး။ BBC ကိုနားထောင်ရင်း မြန်မာပြည်မှာ လျှပ်စစ်မီးတွေ ပိုလျှံလို့ တရုတ်ပြည် ကိုထုတ်ရောင်းတော့ မယ်ဆို။ ကျွန်တော် ပထမတန်း ကစပြီး ၄ တန်းအထိ ထင်းရှူးမီးနဲ့ပဲ စာဖတ်ခဲ့ရတယ်။ ထင်းရှူးမီးနဲ့ စာဖတ်တယ် ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး။ နာရီ ၃ချက်လောက်ဖတ်ရင် နှာခေါင်းပေါက်တွေ အကုန်မဲ၊မျက်ခွက်တွေ လည်း အကုန်မဲ တစ်ကိုယ်လုံး ထင်းရှူးနံ့နဲ့ သင်းတော့ တာပါပဲ။ အာခေါင်ခြောက်ပြီး ချောင်းတွေ ဆိုးတတ်ပါတယ်။

ထင်းရှူးတိုင်းလည်း မီးထွန်းလို့မရပါ။ တောတောင်တွေ ထဲသွားပြီး ခက်ခက်ခဲခဲရှာဖွယ်ရတယ်။ အသက်ကြီးပြီး သေဆုံး တဲ့ထင်းရှူးတွေ ပုပ်ပြီးမှ အဆီစုတဲ့ နေရာတွေတာ မီးထွန်းလို့တာပါ။ ဒီလို မူလတန်း ဘဝကို ဖြတ်သန်းခဲ့ရတယ်။

အလယ်တန်းရောက်တော့ ရေနံဆီ၊ဓာတ်ဆီ၊ဒီဇယ်နှင့် ဖယောင်းတိုင် တွေ နဲ့ ဖတ်ရတယ်။ ဓာတ်ဆီ ကို မီးခွက်ထဲထည့် တာ အရန်းလည်း အန္တရာယ် ကြီးပါတယ်။ မြို့ကြီး ပြကြီးမှာ နေတဲ့ သူငယ်ချင်းတွေကတော့ သိမှာ မဟုတ်ဘူး။ ၁ နှစ်အတွက် ရေနံဆီ ၁ ပုလင်း ၂ ပုလင်း လောက်ပဲ ဝယ်ပေးကြတာ ဆိုတော့။ မိုးမချုပ်မီ သေချာ အိမ်စာတွေ ပြီးအောင်လုပ်ပေါ့။ ရေနံဆီ ဟာ တကယ့် စာမေးပွဲ နီးခါမှ သုံးရတယ်။ဖရောင်းတိုင် သုံးနိုင်တံ့ လူတွေ ကတော့ ဝန်ထန်းသားသမီးတွေပါ။ ဒီလိုနဲ့ အလယ်တန်းကို ကျော်ဖြတ်ခဲ့ရတယ်။

အထက်တန်းရောက်တော့မှ လျှပ်စစ်မီးဆိုတာ မြင်ဖူးတယ်။ ကျွန်တော်တို့ ချင်းပြည်မှာ လောပီတ ရေအားလျှပ်စစ်မရောက်လာပါ။ ရောက်တဲ့ နေရာ ရှိသလားမသိဘူး။ကျွန်တော်တို့မြို့ဘက်တော့ မရောက်လာပါ။ ဆီ၊စက်နဲ့ ထွန်းတဲ့ လျှပ်စစ်မီးပါ။ စာမေးပွဲကြီးနီးပြီ ကျောင်းသားတွေ စာကျက်ချိန် ဆိုပေမယ့် မီးက ၁၂ နာရီ အထိပဲလာတယ်။ မီးလာတယ် ဆိုပေမယ့် စာဖတ်မယ့် မီးသီးက ခရမ်းချည်သီးလိုပဲ။ မလင်းဘူး နီပဲနီတယ်။ ခရမ်းချည်သီးကတော့ အားလုံးသိမယ်ထင်တယ်။

ဒီမှာ ခရမ်းချင်သီး
စာကြည့် စာပွဲပေါ်မှာ ခရမ်းချည်သီး တစ်လုံး သီးခိုင်းပြီး အောက်မှာ ဖယောင်းတိုင် ပြန်ထွန်းပေးတယ်။ မလေးရှား နည်းပညာနဲ့ ပြောင်းပြန်ပေါ့။ မလေးရှားမှာတော့ အပေါ်မှာ မီးထွန်းပေးပြီး အောက်မှာ ခရမ်းချည်သီး သီးခိုင်းတာ။



ကျွန်တော်ရောက်တဲ့၊ကချင်ပြည် ရှမ်းပြည် မှာလည်း စက်မီးတွေ သုံးတာများပါတယ်။ ကျွန်တော်တို့မြို့မှာ ဗီဒီယို ကြည့်ရင် ၁၀ နာရီ ဆိုရင် ဇာတ်လမ်းမပြီးခင် မီးက ပြတ်နေပြီ။ ပိုင်ရှင်က ကိုယ်ပိုင် စက်လေးပြန်နိုးရ။ လာကြည့်တဲ့ အမူးသမားတွေ ဆူလိုက် ဆဲလိုက်နဲ့ ဆိုင်ရှင်ခများ သနားစရာပဲ။

ရန်ကုန်ရောက်တော့လည်း လျှပ်စစ်မီးပဲ။ ကျွန်တော်တည်းတဲ့ အိမ်မှာ သူတို့မိသားစုက ၁၀ ယောက် ဧည့်တည်ကလည်း ၁၀ ယောက်လောက် ဆိုတော့ မီးမလာရင် ငရဲပြည်လိုပါပဲ။ ပန်ကာက မလှုပ်နိုင် ပူလိုက်တာ။ လျှပ်စစ်မီးလာရင် တော့ စားဖို့ ထမင်း ဟင်း ခလုပ်ကလေး နှိပ်လိုက်ရုံပဲ။ မီးမလာတဲ့ နေ့မှာ အိမ်ရှင်မ ခများ လူ ၂၀ ယောက်စားဖို့ မီးသွေးနဲ့ ထမင်းဟင်းချက်ရရှာတယ်။ တိုက်ခန်းမှာ ပူတဲ့ကြားထဲ မီးမွှေးတော့ ပိုပူလာတာပေါ့။ အမလေး ငရဲ ငရဲ...

မနက်မိုးလင်းခါနီး နည်းနည်းအေးတဲ့ အချိန်လေးမှာ ခဏလေးမှေးချင်ပေမယ့် အိမ်ရှင်မက မီးလာတုန်း မော်တာနဲ့ ရေတင်ကြပါတဲ့။ အိပ်မက်လိုလို တကယ်လိုလို မကြားတကြား မရမက ထပြီး ရေကန်မှာ ရေအပြည့်ထည့် ရှိသမျှ ဗူး အကြီးအသေးမှာ ရေဖြည့်ပေးရတယ်။ အပါပါ...ရန်ကုန်လျှပ်စစ်ပြဿနာ။

ဟုတ်မဟုတ်တော့ သေချာ မသိဘူး။ ကျွန်တော် ကြားဖူးတာက လောပီတ ရေအားလျှပ်စစ် သူတို့မရလို့ အဆိုတော် စိုင်းထီးဆိုင်...(ဖြတ်တော့ဖြတ်တယ် မနားတယ်) လို့ သီချင်းလေး ဆိုတာနဲ့ အဲဒီအခွေ ထွက်ခွင့် မပေးဘူးလို့ ကြားဖူးတယ်။ဟိုမှာလည်း မရဘူးနဲ့ တူတယ်။

အခု ဒီမှာ ဖယောင်းတိုင် တစ်တိုင်ထွန်းတော့ ဘာမှ သိပ်မမြင်ရဘူး မှောင်နေတာပဲ။ ဖယောင်းတိုင် တစ်တိုင်ထွန်းလိုက်တိုင်း ကျွန်တော် ငယ်ငယ်တုန်းက ဘယ်လို စာဖတ်ခဲ့သလဲ လို့ ကိုယ့်ကိုကိုယ် ပြန်မေးနေမိသည်။

အခုတော့ တိုးတက်နေပြီးလို့ ကျွန်တော် ပြောနေတာ မဟုတ်ဘူး။ အခုလည်း ကျွန်တော့်လို ခက်ခဲနေဆဲ လူတွေ ရှိနေဆဲပါ။ ဒါပုံပြင် မဟုတ်ပါ...တကယ်လို့ ကျွန်တော် ပြောတာ မယုံရင် တခြားသွားစရာမလို ပါ။ ချင်းပြည်မှာ သွားရောက်လေ့ လာနိုင်ပါတယ်။

မြန်မာပြည်မှာ လျှပ်စစ်မီးပိုလျှံတယ် ဆိုတာ လုံးဝလုံးဝ မဟုတ်ကြောင်းပါ။

လာဖတ်ပေးသူကို ကျေးဇူးတင်လျက်.......ဇက်ဗီလင်းတန်း

Back to Top