Mei Awm Law
Showing posts with label ကဗျာလိုလို. Show all posts
Showing posts with label ကဗျာလိုလို. Show all posts

ချယ်ရီချိန်

 
တောင်ပေါ်မှာလေ
ချယ်ရီတွေ ပွင့်ခါစပဲရှိသေးတယ်
လေရိုင်းကြောင့် တချို့ကြွေသွားရရှာ....

တိတ်တိတ်လေး

မင်းကို ငါချစ်တယ်
ငါပြောရင်
မင်းစိတ်ဆိုးမှာ
ငါစိုးရိမ်...

အစကတည်းက
မင်းအမြင်ကပ်တဲ့
ငါ့ကို
အပေါ်တင် မင်းမုန်း
သွားမှာ
ငါကြောက်တယ်...

ဇက်ဗီလင်းတန်း

ဟေ့ကောင်

ဟိုးတစ်ချိန် တစ်ချိန်တုန်းက
တို့ရွာ တို့ဌာနေလေးမှာလေ
ငယ်ဖော်တွေနဲ့ စကားစပ်လို့
ဟာသဖွဲ့လို့ ပြုံးပျော် ရွှင်မြူး
 ကြည်နူးကြခိုက်မှာ.....

အစိမ်းရောင်ဝတ်စုံနဲ့
လက်ထဲမှာ သေနတ်နဲ့
လူသားလား ဘီလူးအလား
ဟေ့ကောင် ဟေ့ကောင်နဲ့
လက်မှာ ဆွဲသူကဆွဲ
နောက်ကျောမှာ ကန်သူကကန်
လက်နဲ့ ထိုးသူကထိုး......

ရှေ့မှာ ဘာရှိတယ်
နောက်မှာ ဘာဖြစ်မယ်
သေသေချာချာ မသိ
ရေရေရာရာ မရှိလည်းပဲ......

ဟေ့ကောင် ဟေ့ကောင်
သေချင်သလားတဲ့
လူ့ပြည် လူ့လောကမှာ
ရခဲလှတဲ့ လူ့အသက်တစ်ချောင်း
 စိုင်းထီးဆိုင်ရဲ့ သီချင်းလိုပါပဲ
**သေတပန် ပြောင်းဝကို
အရိုင်းပန်းငယ် မလွန်ဆန်နိုင်
ဆက်သရုံပေါ့**

သူတို့ပေးတဲ့ အမိန့်အရ
သူတို့ညွှန်းတဲ့ မြေပုံအတိုင်း
အန္တရာယ်တွေကြား
အသက်လုပွဲမှာ အစာရယ်ခေါင်းပါး
ဝမ်းကမပြည့် အားအင်ရယ် ချိနဲ့
လူသားချင်း စာနာစိတ် အဆိပ်သင့်လို့...........

ရိတ္ခာတွေ ကျည်ဆံတွေ
ယာဉ်လမ်းပျောက်တဲ့
တောတောင်ချောက်ကမ်းပါး
ဆူးတောထဲမှာ ဟေ့ကောင်
တစ်ယောက် ဘော်ဒါ ထမ်းခဲ့ဖူးတယ်.......

ဟိုးတစ်ချိန်က ရှိခဲ့တယ်
အခုချိန်ထိ ရှိနေတုန်း
ဆလိုင်း ဆွန်ကျဲအိုရဲ့ သီချင်းလိုပဲ
**ဆုတောင်းခဲ့ဖူတယ် မိငယ်**
သရဲလို ချောက်ခြင်းမှ
 ခြင်္သေ့လို ဟောက်ခြင်းမှ
လူးသား အချင်းချင်း နှိပ်စက်ခြင်းမှ
သူငယ်ချင်း**ဟေ့ကောင်**
မင်းတစ်ယောက် လွတ်မြောက်နိုင်ပါစေ
ကမ္ဘာမြေကြီး ငြိမ်းချမ်းနိုင်ပါစေ
မြန်မာပြည်ကြီးလည်း ငြိမ်းချမ်းနိုင်ပါစေ....

စာကြွင်း။ ။17.may 2012 နော်ဝေးနိုင်ငံ လွတ်လပ်ရေးနေ့မှာ သူတို့ ပျော်ပျော်ရွှင်ရွှင်ကျင်းပတာကို ကြည့်ရင်း ရင်ဘတ်ထဲက ထွက်လာတဲ့ ကဗျာလေးပါ။
ဇက်ဗီလင်းတန်း

ရင်ဘတ်ထဲက ချစ်သူ


ငါ့ဘ၀ကို ပြုစား
ငါ့အနာဂတ်ကို ဖန်ဆင်း
မယ့်ချစ်သူ...။

ငါ့ရဲ့ ခြေလှမ်းတိုင်းကို ချုပ်ကိုင်
နွယ်လို ရစ်ပတ်
လူမိုက်လို နှိပ်စက်
ရင်ကို ခိုက်ခိုက် ခုန်အောင်
ကိုင်လှုပ်နိုင်တဲ့ ချစ်သူ...။

ငါ့ဦးဏှောက်ကို မင်းမူ
ငါ့အတွေးတွေကို စိုးမိုး
လွန်းတဲ့ ချစ်သူ...။



အသိစိတ်တွေ ဖမ်းစား
မသိစိတ်တွေမှာ ၀င်ရောက် မွှေနှောက်
တတ်တဲ့ ချစ်သူ...။


ဘယ်လောက် နီးနီး
နမ်းလို့ မ၀ဘူး
ဘယ်လောက် ဝေးဝေး
မေ့လို့မရဘူး
ရင်ခွင်မှာ ထား
ဘ၀ ဆက်တိုင်းဆက်တိုင်းမှာ
မင်းနဲ့ အမြဲထာဝရ
အတူတူ ရှိချင်တယ်...။



ဇက်ဗီလင်းတန်း

မတော်တဆ အချစ်

မရည်ရွယ်ဘဲ ဆုံမိတာ
ဘာစ်ကားဂိတ်မှာလေ
လူတကာထက် ထူးခြားတာ
မင်းရဲ့ မျက်ဝန်းလေး....။

မမျှော်လင့်ဘဲ ဆုံမိတယ်
မျက်လုံးချင်းပဲလေ
သူတကာထက် ထူးဆန်းတာ
မင်းရဲ့ အပြုံးလေး.......။



မထင်မှတ်ဘဲ ချစ်မိတယ်
နှလုံးသားမှာ လေ
မေ့ပစ်ဖို့တော့ မလွယ်တော့ပြီ
ငါချစ်ချင်တယ် ထာဝရ.....။



မချစ်ဖူးတဲ့ ငါ့နှလုံးသား
မင်းနဲ့ ကျမှပဲ
ငါကျင့်ကြံ စောင့်ထိန်းတဲ့ တရားများ

အားလုံးပျက်စီးသွား.....။

သီချင်းတွေတည်းပဲတင်တာနဲ့ သူငယ်ချင်းတွေ ပျင်းလောက်ပြီ ထင်တယ်။ ဒီနေ့တော့ မတော်တဆချစ်မိတဲ့ ကောင်မလေး အကြောင်း
 သီကုံးထားပါတယ်။အားပေး ဖတ်ရှုပေးတဲ့ လည်လည်တွေကို အထူးကျေးဇူးတင်ရှိကြောင်း...

ဇက်ဗီလင်းတန်း

ပန်းရိုင်း


အနီးဆုံးရင်ခွင်ထဲ ငါထားတာ
အဝေးဆုံးကို ရောက်သွားတဲ့
ချစ်သူ...
မင်းအရိပ်တွေ လိုက်ဖမ်းရင်း
မင်းခြေရာတွေ ခံရင်း
မင်းအလိုတွေ ရှာရင်း
မင်းအလိုတွေ လိုက်ရင်း
တခါတခါ ငါ့စိတ်တွေ
တစိမ့်စိမ့် နာကျည်းလွန်းတယ်....

မင်းအချစ်တွေ
အမှိုက်ဗုံးထဲ ထည့်ထားတယ်
သို့ပေမယ့်
ကျန်နေသေးတဲ့ အမုန်းတွေ
တွယ်တာနေသေးတဲ့ သံယောဇဉ်ကြိုး
ဦးချစ်ကောင်းရဲ့ သီချင်းလို
ဘာဓါးနဲ့မှ ဖြတ်မရတာတော့
သိပ်ခက်တယ်......



ရခဲလှတဲ့ လူ့ဘ၀မှာ
မင်းတာနားလည်မယ် ဆိုရင်
ကျန်နေသေးတဲ့ ဘ၀လေးမှာ
မင်းနဲ့ငါ ပျော်ပျော်လေးနေချင်တယ်
ငါ့စိတ်တွေ မင်းမမြင်ရင်တောင်မှ
ရိပ်တော့ ရိပ်မိမယ် ငါထင်တယ်....


ဒီဘ၀မှာပဲ အတိတ်က ၀ဋ်ကြွေးတွေကြေပါစေ
ဒီဝဘမှာပဲ အတိတ်က ၀ဋ်ကြွေးတွေ ပြေပါစေ
တကယ်လို့ နောင်ဘ၀ ဆိုတာရှိနေသေးရင်
မင်းနဲ့ပြန်မဆုံပါရစေနဲ့လို့ ဆုတောင်းတယ်
တစ်ဘ၀လောက်တော့ ငါပျော်ပျော်လေး
ဖြတ်သန်းချင်ဖူးတယ်။

ဇက်ဗီလင်းတန်း

ချစ်သူ(၂)


ချစ်သူ
မင်းကြောင့်
ဒီအသည်း
အစိတ်စိတ်
အမွှာမွှာ
ကွဲကြေ ပျက်စီးခဲ့ပြီ.....


ချစ်သူ
မင်းကြောင့်
ဒီဘဝ
မျှော်လင့်ချက်တွေ
ရည်မှန်းချက်တွေ
အကုန်ကုန် ပျိုလဲခဲ့ပြီ....



ချစ်သူ
နောက်ထပ်
ပေးစရာရှိသေးတယ်
မင်းအတွက်ဆိုရင်
ငါအခုရှင်နေတဲ့ အသက်
လိုရာ သုံးဖို့
အကုန် ယူသွားလိုက်ပါ
ချစ်သူ

မင်းကို ချစ်လွန်းလို့ပါ...

ဇက်ဗီလင်းတန်း

ကြည့်မှန်


Photo From Google

မှန်ကို ကြည့်မှ
ကိုယ့်မျက်နှာ အမှန်ကို
သေသေ ချာချာ
မြင်ရတယ်
တွေ့ရတယ်....

ကြားဖူးကြမယ်ထင်တယ်
**အလှ အတွက် မှန်ကြည့် သလို
ဘ၀ အတွက် စာကြည့်ပါ** တဲ့
ဒီဆောင်ပုဒ် တစ်ခု
ပညာဆည်းပူး ကျောင်းမှာနေတဲ့
မောင်မောင် မမတွေ
အတွက်သာ မဟုတ်ပါဘူး.....




ဘ၀အမှန်ကို အမှန်တကယ်
မြင်ချင် သိချင်
ရရှိချင်တော့
ဦးဦး ဒေါ်ဒေါ်
ကိုကို မမတို့
ဖတ်ရွက်ရမယ်
လေ့လာရမယ်
စူးစမ်းရမယ်
မှတ်သားရမယ်
ဆင်ခြင်ရမယ်
သုံးသပ်ရမယ်
စေတနာနဲ့ ပြောတာပါ.....


ကိုကိုမမ တွေရေးတဲ့ စာတွေ လေ့လာ ဖတ်ရှုရင်းနဲ့ ရင်ထဲက ပေါ်လာတဲ့ ကဗျာလိုလို စာတိုလေးတွေ သီကုံးမိပါတယ်။ မနေ့က မွေးတဲ့ ဒီကောင် ငါကိုယ်တော်မြတ်ကို ဆုံးမချင်သေးတယ် ဒီလိုတော့ မထင်ကြပါနဲ့နော်။ အားလုံး အားလုံး အမှန်ကြည့်တတ်ကြပြီး အကြည့် မှန်တတ်ကြပါစေလို့ ဆန္ဒပြုရင်း ဇက်ဗီလင်းတန်း

ခြေလွန် လက်လွန် ကဗျာ


ကော်မန့် မရှိ
ဧည့်သည် မရှိ
ဘယ်သူမှ မသိ
အားမနာ ဘားမနာ
ဘလောက်ဂါ ဆိုတဲ့ဘွဲ့
လိုလို လားလား
ငါယူ လိုက်တယ်။

ကာရံ မညီ
လကာၤ မေခ်ာ
ငပျင်း စာသား
ပေါက်ကရတွေ
ကဗျာလိုလို
စာလိုလိုပေါ့


ရေးချင်တဲ့ စာ
ပေးချင်တဲ့ ရသ
လိုရင်းမရောက်
ကဗျာ မလှ
ဒို့ဘ၀.....

သူငယ်ချင်းတို့ရေ
မင်္ဂလာ ရှိသော
ဒီနှစ်သစ်မှာ
ခြေလွန် လက်လွန်
ကဗျာ လိုလို
စာလိုလိုတွေ
ဆက်လက် သီကုံး
ချင်သေးတယ်......

နှစ်သစ်မှာ အားလုံးပျော်ရွှင်နိုင်ကြပါစေ
ပုံလေးကတော့ ကူကယ်က ယူပါတယ်။
ဇက်ဗီလင်းတန်း

စေတနာ အမှား


ငါပြောချင်တဲ့ စကား
မင်းမှ မကြားချင်တာ

ငါမြင်စေချင်တဲ့ လမ်း
မင်းမှ မကြည့်ချင်တာ

ငါဖြစ်စေချင်တဲ့ ဆန္ဒ
မင်းမှ မလိုချင်တာ

ငါကြားစေချင်တဲ့ သတင်း
မင်းမှ နားမထောင်ချင်တာ


မှာပါရစေ
သူငယ်ချင်း
အရာရာကို စူးစမ်းပါ
အရာရာကို ဆင်ခြင်ပါ
အရာရာကို သင်ယူပါ
အရာရာကို သုံးသပ်ပါ
အကောင်းဆုံးကို ရွေးချယ်ပါ
မင်းရဲ့ မာနကိုတော့
နည်းနည်းလေး ဖဲ့လိုက်ပါ
မင်းဘ၀အတွက် အမြတ်ရလိမ့်မည်
စေတနာနဲ့ ပြောတာပါ......


ဇက်ဗီလင်းတန်း


ခြားနားခြင်း


တ၀က်တပျက်
မက်ဖူးတဲ့
အိမ့်မက်
သေသေ ချာချာ
ပြည့်ပြည့် စုံစုံ
မက်ဖူးချင်သည်....


ဓလေ့တွေ
အယူအဆတွေ
အသိုင်းအ၀ိုင်းတွေ
ဂုဏ်ဓနတွေ
ကြား
ကမ္ဘာတွေဟာ
ခြားနားသွားသည်။

ဇက်ဗီလင်းတန်း

ခရစ္စမတ် အလွမ်း


သိတတ်စ အရွယ်ကစပြီး
ခရစ္စမတ် ခရစ္စမတ်
စတဲ့ စတဲ့
ခရစ္စမတ် ပေါင်းများစွာ
ကျော်ဖြတ်
ဖြတ်ကျော်
ခဲ့ရတယ်....

မထင်မှတ်တဲ့
ဟိုးအရင် တစ်ချိန်က
ခရစ္စမတ်ပွဲလေးမှာပဲ ထင်ပါရဲ့
သူလေးနဲ့...........
သူလေးကပဲ မှတ်တမ်းတစ်နေရာမှာ
အမှတ်တရလေးများ တမင်တကာ
ရေးမှတ်ပေးသလား မသိ
ကိုယ်ကပဲ မှတ်တမ်းတစ်နေရာမှာ
အမှတ်တမဲ့ ရဲ့ အမှတ်တရများ
အသေအချာ ရေးမှတ်မှားသလားမသိ
သေချာတာ တစ်ခုကတော့
ဟိုးအရင်က ခရစ္စမတ်ပွဲလေးမှာ
သူနဲ့ သူနဲ့
မထင်မှတ်ပဲ
ပျော်ရွှင်စွာ ဖြတ်ကျော်ဖူးတယ်.....




နောက်ကြောင်းပြန် အတွေးတွေ
နောက်ကြောင်းပြန် အလွမ်းတွေ
နှင်းတွေ ဖုံးတဲ့ ဒီ ဒီဇင်ဘာမှာ
အမှတ်တရ ရဲ့ အမှတ်တရများ
ဒီနှစ် ဒီခရစ္စမတ် ရောက်တော့မှ
ပြန်ရချင်သေးတယ်
ဟိုး...အရင်က
ချယ်ရီတွေ ပွင့်တဲ့
ခရစ္စမတ် ပွဲလေး........

၂၀၁၁ အမှတ်တရ ရေးဖွဲ့တဲ့ ရင်ထဲက ကဗျာလိုလို.........
လာရောက်ဖတ်ရှု အားပေးသူများ အထူးကျေးဇူးတင်လျက်

ဇက်ဗီလင်းတန်း

နေပြည်တော် မျှော်တိုင်းဝေး


နှစ်တွေ အခါခါပြောင်း
သက္ကရာဇ်တွေ အခါခါဟောင်း
ခဲ့တယ်.......



သြော်
မပြောင်းနိုင်
မဟောင်းနိုင်တာ
ဒီရင်ဘတ်ထဲက
အလွမ်းတွေ
ရစ်တထက်ရစ်ပတ်
ငါ့ကို နှောင်ဖွဲ့နေတယ်....


ငါ့ရွာလေး
ငါ့အိမ်လေး
အဖေအိုနှင့် အမေအို
သူငယ်ချင်းတွေနဲ့တွေ့ဖို့
ငါ အိမ်ပြန်ချင်တယ်.....


ဒါပေမယ့်
ဒါပေမယ့်

နေပြည်တော်
မျှော်တိုင်းဝေး။ ။

ဇက်ဗီလင်းတန်း

ကလေးရေ


*ကလေးရေ
တွေ့ဆုံခြင်း
နဲ့
ခွဲခွာခြင်း ဆိုတာ
လောကရဲ့ နိယာမပဲ
မဟုတ်လား*

**ကလေးရေ
ရွှေရောင်တောက်ပ လွန်းတဲ့
မင်းဘဝထဲ အမှိုက်ကလေးလို
ဝင်လာနိုင်ဖို့ မကြိုးစားချင်ပါဘူး
ရင်းနှီးခဲ့ဖူးတာ
ပတ်သက်ခဲ့ဖူးတာ
အားလုံး မေ့ပစ်လိုက်ပါ**

***ကလေးရေ
တကယ်ဆိုရင်
မင်းနဲ့ဒို့ နီးစပ်ဖို့တော့
ဒို့ရဲ့ဘဝက ဟိုးအဝေးကြီးမှာ
မင်းနဲ့ဒို့ဘဝက
မဆုံနိုင်တဲ့ မျဉ်းပြိုင်နှစ်ကြောင်းလိုပါပဲ
ဆုံနိုင်ခွင့်လေး ရဖို့
ကြယ်တွေ ကြွေတိုင်း
ကိုယ်ဆုတောင်းနေလည်း
ပြည့်ချင်မှ ပြည့်မှာ***



ဇက်ဗီလင်းတန်း
ဒီကဗျာလိုလိုက ဟန်ထွန်းရဲ့ အရင်ကဇာတ်လမ်း သီချင်းနား ထောင်ရင်း ရင်ထဲက ခံစားချက်လေး သီကုံးမိတာပါ။

ပါးထက်က စီးတဲ့မြစ်


ကလေးလေးတုန်းက
အရိပ်ကို အစစ်ထင်ပြီး
ကြောက်ကြောက် လန့်လန့်
ငါငိုခဲ့ဖူးတယ်....

လူပျိုပေါက်စတုန်းက
ဒုက္ခကို အချစ်ထင်ပြီး
မိုက်မိုက် မဲမဲ
ငါကိုးကွယ်ခဲ့ဖူးတယ်....


အခုတော့ဖြင့်
ကွေ့ကောက်လွန်းတဲ့
ဘဝလမ်းကြမ်းမှာ
ကြမ်းတမ်းလွန်းတဲ့
မုန်တိုင်းလောကဓံကြား
ဒုက္ခတွေနဲ့ ရင့်ကျက်ပြီမို့
ဘဝမှာ
အမှား အမှန်တွေ
နည်းနည်းလေး ပိုင်းခြားတတ်လာပြီ
လူတကာ သူတကာထက်
သာလွန်တဲ့
သူရဲကောင်း မဟုတ်ပေမယ့်
ပျော့ညံ့ဖူးတဲ့ ငါ့နှလုံးသား
သံမဏိ စိတ်ဓာတ်အပြည့်နဲ့
ဘဝကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း
ငါ့မှာ ကျစရာ မျက်ရည်တောင်မရှိတော့ဘူး

ဘဝမှာ
ငါ
အရာရာကို
သင်မိပြီ....

ဇက်ဗီလင်းတန်း(20.11.2011)
ဓာတ်ပုံကတော့ ချင်းပုံတွေ လိုက်ရှာရင်း ကူကယ်မှာတွေ့တာ ကြိုက်လို့ ယူလာတာပါ။

အစိမ်းရောင်များနှင့်ကခုန်ခြင်း


ခေတ်ပျက်သူဌေးတွေကြား
လည်ညှစ် ခံရတဲ့အကောင်
အတောင်ပံ မစုံခင်
အဝေးကို ပျံသန်းရှာတယ်။

မုန်တိုင်း လှိုင်းထန်
လောကဓံကြား
ဘဝရဲ့ရိုက်ချက်ပြင်းပြင်းနဲ့
ဘဝဆိုတာ သင်ယူနေဆဲ။



သူများနိုင်ငံ
တိုင်းတပါးမှာ
မျက်နှာမရ
အနှိမ်ခံလည်း
ခံတာပါတယ်
သူငယ်ချင်းရာ
အစိမ်းရောင်
သရဲတွေ ချောက်တာနဲ့ စာရင်။

မွေးရပ် ဌာနေ
ချက်ကြွေ စာတိ
လွမ်းတာမှန်၏
သို့ပေမယ့်လည်း
သူငယ်ချင်းရာ
ပိုးစုန်းကြူးလို
မီးကို မတိုးချင်ပါနဲ့
စာနာမှုကင်းမဲ့တဲ့
ငရဲမီးဟာ
ပူလောင်လွန်းတယ်။

ဘာမစ်သက်တမ်းလေး
တိုးလို့ရရင်
ပြန်တိုးလိုက်ပါ
သူငယ်ချင်းရာ
မျက်လှည့်ပြပွဲ
မပြီးသေးဘူး
ဟိုးအဝေးမှာ
သေနတ်သံတွေလည်း
ကြိုကြား ကြိုကြား
ငါကြားနေတယ်
မပြန်နဲ့ဦး
သူငယ်ချင်းရာ။

အမှတ်တရ...11.11.11
ZP.LINTAN
ပုံလေးကတော့ အစိမ်းရောင်လွင်ပြင် ဆီကယူလာတာပါ။

စွန့်စားခန်း(သို့) သူငယ်ချင်းသို့


ငါကြားဖူးတယ်
သူငယ်ချင်းရယ်
ဘဝ ဆိုတာ
ပန်းခင်းတဲ့ လမ်းမဟုတ်ဘူးတဲ့။

ဘဝကို လွယ်လွယ်နဲ့တော့
အရှုံး မပေးလိုက်နဲ့ဦး
အရာရာတိုင်းမှာ
နည်းလမ်း များစွာရှိတယ်။



ဒီနည်းနဲ့ မရရင်လည်း
နောက်တနည်းပေါ့
အစကတည်းက
ငါတို့ဘဝ
အစစ အရာရာမှာ
ပြီးပြည့်စုံတာမှ မဟုတ်တာ။

ငါတို့ မွေးကတည်းက
နုံချာ တဲ့ဘဝနဲ့
ဘဝရဲ့ စွန့်စားခန်းမှာ
စွန့်စားလာခဲ့တဲ့
မင်းသား
တွေ
ပါ။

ဇက်ဗီလင်းတန်း
ပုံးကတော့ ကူကယ်မှာ ရတဲ့ ချင်း ပုံလေးပါ။

အလွမ်းပုံပြင်


ဒီမနက် ငါနိုးတော့
အပြင်မှာ မိုးတစ်စိမ့်စိမ့်ရွာနေတယ်
ခရစ္စမတ်လည်း ရောက်တော့မယ်
အပြင်ကို ငေးကြည့်ရင်း
တိုးတိုးလေး ငါညည်းလိုက်တယ်
တောင်ပေါ်မှာ ချယ်ရီတွေ
ပွင့်တော့မယ်.....


ဌာနေကို မပြန်နိုင်သူ
အဝေး တစ်နေရာမှာ
နေ့ရွေ့ ညရွေ့
ဘာလိုလိုနဲ့
ကံကြမ္မာ စေရာ
စီးချက် မညီ
တီးဝိုင်း ကြမ်းကြမ်းတွေကြား
ဇာတ်ဆရာရဲ့ က ကွက်ထဲ
ငါ က နေတာ
12 နှစ်တောင် ပြည့်တော့မယ်....

သြော်
အခုလောက် ဆိုရင်
တစ်ချိန်တုန်းက
ရင်ဘတ်ထဲက
တောင်ပေါ် သူမလေးလည်း
အိုးနဲ့ အိမ်နဲ့
ဖြစ်လောက်ပြီ.....

ဇက်ဗီလင်းတန်း
(5.11.11)

.....သို့


မင်းလေး
ငါမခေါ်ဘဲ
ဒီရင်ခွင်ထဲ
မင်းလေး
ရောက်အောင်လာခဲ့တယ်...

အခုတော့
ငါမနှင်ဘဲ
ဒီရင်ခွင်ထဲ
မင်းလေး
ရအောင် ပြန်ထွက်သွားတယ်...



မင်းမရှိတော့တဲ့နောက်
မင်းနဲ့အတူရှိခဲ့ဖူးတဲ့
တဒင်္ဂလေး
ခုံမင်စွာ ထွေးပိုက်ရင်း
ပွန်းပဲ့တဲ့ ဒီရင်ခွင်ထဲမှာ
မှုန်ဝါးဝါး မင်းရဲ့ ပုံရိပ်ဟောင်းတွေ
လှပစွာ ကျန်ရစ်ခဲ့တယ်....

ဇက်ဗီလင်းတန်း

ဆောင်းဦး ဝေသနာ


အပြင်မှာ လေရူးတိုက်လို့
ဒီဆောင်းဦးမှာ
သစ်ရွက်တွေ တဖျပ်ဖျပ်
ကြွေသံ ငါကြားတယ်...

အပြင်မှာရော အတွင်းမှာပါ
သိပ်သိပ် ချမ်းလို့
ငါ့အသည်းလည်း ခိုက်ခိုက်တုန်နေပြီ
ငါတင်းထားတဲ့ စိတ်ဓာတ်
ဒီဆောင်းဦးမှာ
အလွမ်းဒဏ်သင့်လို့
သစ်ရွက်ဟောင်းလို
ကြွေလုပြီ......



ဆင်ခြင်တတ်တဲ့ ငါ့အသိစိတ်သေးသေးလေး
ပျော်ရွှင်ခြင်းကင်းမဲ့လှတဲ့ အဝေးတစ်နေရာ
ဒီဆောင်းဦးမှာ ငါ့စိတ်တွေ
တစတစနှင့် အရှုံးဘက်ကို နဲ့နဲ့ယိုင်လာပြီ...

အားပေးဖော် ရှာမတွေ့တဲ့
ဆံပင်ဖြူတွေကြားမှာ
ယုံကြည်ချက် ပါးပါးလေး
မခိုင့်တခိုင် ဟိုယိုင်ဒီယိုင်
လမ်းစလေးမှုန်ဝါးဝါးပေမယ့်
နက်ဖြန် ဆိုတဲ့ အရာ
ပိုင်ဆိုင် သရွေ့တော့
ဘယ်သူမှ မသိတဲ့
ရင်ထဲကဝေသနာနဲ့
လက်ခုတ်သြဘာသံတွေ
တိတ်ဆိတ်တဲ့
ကံစီမံရာ
ဇာတ်ဆရာရဲ့ အလိုကျ
လှောင်ရီသံတွေကြားမှာ
လမ်းဘေးက အရူးတစ်ယောက်လို
ရက်စက်စွာ ငါ က လိုက်ဦးမယ်......

ဇက်ဗီလင်းတန်း
Back to Top