Mei Awm Law

လူငယ်တွေ အနာဂတ်မှာ ဦးဆောင်နိုင်ဖို့

လူငယ်တွေ အနာဂတ်မှာ ဦးဆောင်နိုင်ဖို့
****************************

# ကိုယ့်လုပ်ရမယ့်အလုပ်ထဲမှာ leader တစ်ယောက်ဖြစ်ရမယ်ဆိုတာ ပါသလား။

# ကိုယ့်က အဖွဲ့တွေကို ဦးဆောင်ဖို့၊ ဒေါ်လာနဲ့ချီတဲ့ ပရောဂျက်တွေကို တာဝန်ယူကိုင်တွယ်ဖို့ စိတ်ကူးထားသလား။

အနာဂတ်ရဲ့ခေါင်းဆောင်တွေဖြစ်လာမယ့် လူငယ်တွေ ခေါင်းဆောင်ကောင်းတွေဖြစ်နိုင်ဖို့ ကျွမ်းကျင်သူတွေ အကြံပေးထားတဲ့ချက်တွေရှိပါတယ်။

၁။ လေ့လာဖို့ကို အမြဲ လိုက်ကြည့်နေပါ။

ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ခေါင်းဆောင်တွေ ဘာတွေလုပ်နေလဲဆိုတာကို အမြဲသတိထားပြီး လေ့လာပါ။ သူတို့တွေ အလုပ်လုပ်တဲ့အခါမှာ ဘယ်လိုလုပ်ရင် အောင်မြင်တယ်၊ ဘယ်လိုလုပ်ရင် မအောင်မြင်ဘူးဆိုတဲ့နည်းလမ်းတွေကို သိအောင်လုပ်ပါလို့ Kevin Eikenberry Group ရဲ့ Chief potential officer Kevin Eikenberry က ဆိုပါတယ်။
သူတို့တွေ idea တွေကို ဘယ်လိုတင်ဆက်တယ်၊ ရှင်းပြတယ်ဆိုတာရယ်၊ တခြားလူတွေအပေါ် ဘယ်လိုပေါင်းသင်းဆက်ဆံမှုတွေ၊ ဘယ်လိုလွှမ်းမိုးနိုင်တယ် ဆိုတာကို လေ့လာသင်ယူပါ။ အလုပ်ခွင်ပြင်ပက အရာတွေကိုလည်း လေ့လာစဉ်းစားကြည့်ပါ။ အားကစားနည်းပြတွေ၊ CEO တွေ၊ ဘာသာရေးခေါင်းဆောင်တွေ နဲ့ နိုင်ငံရေးသမားတွေရဲ့ အပြုအမူတွေ ဦးဆောင်မှုတွေကနေလည်း လေ့လာသင်ယူစရာတွေရှိပါတယ်။

၂။ ဆရာကောင်းတစ်ယောက်ရှာပါ။

ကိုယ်အားကျရတဲ့ လူတစ်ယောက် ဒါမှမဟုတ် မန်နေဂျာတစ်ယောက်၊ ခေါင်းဆောင်တစ်ယောက်ကို ချဉ်းကပ်ပြီး သင်ယူပါ။ ဒါမှမဟုတ် သူ့မှာအချိန်ရှိတယ်ဆိုရင် မိနစ် ၃၀ လောက် ကော်ဖီဆိုင်မှာဖြစ်ဖြစ် စကားပြောရင်းနဲ့ သိချင်တာတွေမေးပါ။ လူတွေအောင်မြင်လာရတာဟာ အကြောင်းတွေရှိပါတယ်၊ သူတို့ရဲ့နှစ်ပေါင်းများစွာ အချိန်ယူပြီး ရရှိခဲ့တဲ့အတွေ့အကြုံတွေနဲ့ အသိပညာတွေဟာ တန်ဖိုးမဖြတ်နိုင်ပါဘူး။

၃။ စာဖတ်ပါ။ (ဂန္ထ၀င် တတ်ကျမ်းတွေကို လေ့လာပါ)

စာကြည့်တိုက်ကို သွားပြီးတော့ ဂန္တ၀င် leadership နဲ့ ပတ်သက်တဲ့ စာအုပ်တွေကို လေ့လာပါ။ "How to Win Friends and Influence People၊ The Effective Executive၊ The One Minute Manager၊ နဲ့ The 7 Habits of Highly Successful People တို့လိုစာအုပ်တွေဟာ အရမ်းကောင်းပါတယ် (ဒီစာအုပ်တွေထဲတချို့ဟာ မြန်မာဘာသာပြန်တွေလည်းရှိပါတယ်။) စာဖတ်ခြင်းက အသိပညာဗဟုသုတ အများကြီး ရစေပါတယ်။ စာတွေအများကြီး ဖတ်ထားတာကြောင်းကိုယ့်ထက်အတွေအကြုံ၊ ပညာအများကြီးပိုတတ်တဲ့ လူကြီးတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ အထောက်အကူဖြစ်စေပါတယ်။ ကိုယ်က သူတို့လို နှစ်၃၀ လောက် အတွေ့အကြုံတွေ မရှိပေမယ့် စာပေကရတဲ့ ဗဟုသုတတွေကြောင့် တန်းတူနီးပါး ပြောဆိုဆွေးနွေးနိုင်ပါလိမ့်မယ်။

၎။ အင်တာနက်မှာလည်း လေ့လာစရာတွေရှိပါတယ်။

E-newsletter twey၊ ဘလော့တွေနဲ့ ဆိုရှယ်မီဒီယာတွေဟာ leadership အတွက် အကြောင်းအရာတွေ အများကြီး ရှာဖွေလေ့လာလို့ရပါတယ်။ Facebook မှာလည်း #leadership လို့ ရှာပြီးတော့ နိုင်ငံပေါင်းစုံက ခေါင်းဆောင်တွေ၊ ပညာရှင်တွေရဲ့ အကြောင်းတွေ ရှာဖွေပြီးတော့ follow လုပ်ထားလို့ ရပါတယ်။

၅။ အားနည်းချက်တွေကို ပြုပြင်ပါ။

Leadership အကြောင်း အကြံဥာဏ်တွေ၊ နည်းလမ်းတွေအကြောင်း ဖတ်ရှုရင်းနဲ့ လုပ်ငန်းမှာ ကိုယ်ဘယ်နေရာတွေမှာ အားနည်းနေလဲဆိုတာ သိအောင်လုပ်ပါ။ Excel နဲ့ table ဆွဲတာတွေ မလုပ်တတ်ဘူးလား၊ လူရှေ့မှာ စကားထွက်ပြောဖို့ ကြောက်တတ်လား၊ ဒါမှမဟုတ် ငွေကြေးစီမံခန့်ခွဲမှု လုပ်တာမှာ ကျွမ်းကျင်မှု မရှိဘူးလား။ ကိုယ်မကျွမ်းကျင်တဲ့ အရာ၊ အားနည်းနေတဲ့ နေရာတွေကို တိုးတက်အောင်လုပ်ဖို့ ကြိုးစားပါ။ တချို့ဟာတွေက အင်တာနက်မှာ အလကားသင်ယူလို့ရတာတွေတောင် ရှိပါတယ်။

၆။ တစ်ခုခုကို ဦးဆောင်ပြီး လုပ်ကြည့်ပါ။

တစ်ခုခုကိုဦးဆောင်ပြီး လုပ်လိုက်တာဟာ စာအုပ်တွေအများကြီးဖတ်တာထက် အတွေ့အကြုံပိုရစေပါတယ်။ စတင်ပြီးတော leader အဖြစ်နဲ့ အလုပ်လုပ်တော့မယ်ဆိုရင် ကိုယ်က အထက်စီးကနေ အုပ်ချုပ်တာ ခိုင်းစေတာမျိုးကို မလုပ်သင့်ဘဲ လေ့လာသင်ယူရင်း၊ သူများတွေကို အကူအညီပေးရင်း ဦးဆောင်သွားသင့်ပါတယ်လို့ Eikenberry က ပြောပါတယ်။ တစ်ခုခုကို ဦးဆောင်တယ်ဆိုတာ လုပ်ပိုင်ခွင့်၊ အာဏာက အရေးမကြီးပါဘူး၊ လူတစ်စု၊ အဖွဲ့တစ်ဖွဲ့ကို အောင်မြင်အောင် ဘယ်လိုပံ့ပိုးပေးရမလဲဆိုတာကပဲ အရေးကြီးတာပါ။

၇။ ဘယ်သူမှ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ပါ။

ကိုယ့်ကိုမန်နေဂျာက ပရောဂျက်ကြီးတွေကို တာဝန်ယူခိုင်းတာမျိုး မရှိဘူးဆိုရင်လည်း ရပါတယ်၊ ကိုယ့်ဘာသာ လုပ်ကိုင်နိုင်ဖို့ အခွင့်အရေးတွေကို ရှာဖွေပါ။ အလုပ်စလုပ်ခါစမှာ အကောင်းဆုံးကတော့ ဘယ်သူမှ မလုပ်ချင် တဲ့ အလုပ်တွေကို လိုက်လုပ်ပေးပါ။ ရုံးပိတ်ရက်မှာ လုပ်ရမယ့်အလုပ်တို့၊ ခေါင်းစားတတ်တဲ့ဖောက်သည်နဲ့ တွေ့ရမှာတို့လို တခြားသူတွေ မလုပ်ချင်တဲ့ အလုပ်တွေကို လုပ်ပေးပါ။ လူတွေကိုယ့်ကို သတိထားမိလာပါလိမ့် မယ် ပြီးတော အတွေ့အကြုံနဲ့ ပညာလည်းရမှာပါ။

စာညွှန်း-Business insider မှ 7 ways 20-somethings can improve their leadership skillsကိုဆီလျော်အောင်ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။
~ သီဟ ဘာသာပြန်သည်
Back to Top