Mei Awm Law

ဆရာယုဒသန်နှင့် ကျွန်တော်

ကျွန်တော် သူရဇ္ဇ မဂ္ဂဇင်းတွင် နန်းမတော် မယ်နု ရှင်းတမ်း ရေးနေစဉ် နန်းမတော် မယ်နု ကောင်းမှု မဟာအောင်မြေ ဘုံစံ အုတ်ကျောင်းတော် ကြီးကို သွား၍ လေ့လာခဲ့သည်။
ယခင်က ရောက်ဖူးပါသည်။ သို့သော် အုတ်ကျောင်းတော်ကြီး အကြောင်း ရေးရမည် ဖြစ်၍ ထပ်မံ သွားရောက် လေ့လာခြင်း ဖြစ်၏။ အုတ်ကျောင်းတော်ကြီး၏ တောင်ဘက်တွင် သင်္ချိုင်းဂူ သဏ္ဌာန် ပြုလုပ်ထားသော ဧရာမ ကျောက်ဖြူတုံးကြီး ရှိသည်။ ထိုကျောက်ဖြူတုံး တောင်ဘက် မျက်နှာစာတွင် အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် အောက်ပါအတိုင်း ကမ္ပည်း ထိုးထားသည်ကို တွေ့ရ၏။

“Judson Memorial Site of Ava Let-Mayoon Prison ဆရာ ယုဒသန်ကို အောက်မေ့ဖို့ရာ အ၀ လက်မရွံ့ထောင် နေရာ”ထိုကျောက်တုံးကြီး၏ အနောက်ဘက် မျက်နှာတွင်လည်း အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် “၁၈၂၄ ခုနှစ် ဇွန်လက ၁၈၂၅ ခုနှစ် မေလအထိ ဆရာ ယုဒသန်သည် သခင်ဘုရားကို ယုံကြည်ခြင်းအားဖြင့် လည်းကောင်း၊ မိမိ ရဲရင့်သော ခင်ပွန်း၏ လုပ်ကျွေး မွေးမြူခြင်းအားဖြင့် လည်းကောင်း၊ ဤအရပ်မှာ ကြီးစွာသော ဒုက္ခများကို ခံနိုင်လျက် မဖြောင့်မှန်စွာ အကျဉ်း ခံရသည်” ဟု မှတ်တမ်း တင်ထားပါသည်။

ကျွန်တော်သည် မြန်မာ့သမိုင်းမှ ဂျပ်ဆင် (ခေါ်) ဆရာယုဒသန် အကြောင်းကို သိတန်သလောက် သိပါသည်။ သို့သော်လည်း အထက်ပါ ဆရာ ယုဒသန်၏ အထိမ်းအမှတ် ကျောက်တုံးကို မြင်ရပြီးနောက် ပဒုံမင်း(ဘိုးတော်ဘုရား)နှင့် စစ်ကိုင်းမင်း (ဘကြီးတော်ဘုရား)တို့ လက်ထက်တော်မှ ဆရာ ယုဒသန် အကြောင်းကို ပြန်စဉ်းစား ရတော့သည်။ အစက ကျွန်တော်သည် ဆရာယုဒသန် အပေါ် အမြင် မကြည်ပါ။ မကြည်ရခြင်း အကြောင်းရှိ၏။ မောင်သုတ အမည်ခံ ဗိုလ်မှူးဘသောင်း ပြုစုသော စာဆိုတော်များ အတ္ထုပ္ပတ္တိ စာအုပ် ပဉ္စမ အကြိမ် နှိပ်ခြင်း ၂၀၀၂ ခုကို ရာပြည့်တိုက်မှ လက်ဆောင် ရသောအခါ ဖတ်ကြည့်သည်။



(ပထမအကြိမ် ၁၉၆၂ ခု ရှုမ၀ စာအုပ်တိုက်မှ ရိုက်စဉ်ကတည်းက ၀ယ်ဖတ်ခဲ့ပါသည်။ ထိုစဉ်က သတိ မထားမိပါ။) ယခုပဉ္စမ အကြိမ် ရိုက်နှိပ် သော စာအုပ်တွင် နံပါတ် ၁ အနန္တ သူရိယမှ စ၍ နံပါတ် ၁၇၁ မြမျိုးလွင် အထိ စာဆိုတော်ပေါင်း ၁၇၁ ယောက် ပါသည်။ ဖြည့်စွက် စာဆိုတော်များတွင် နံပါတ် ၁၇၂ ဦးရွှေဇံအောင်မှ နံပါတ် ၂၀၀ ပုပ္ပား ဦးကျော်ရင် အထိပါသည်။ ထိုစာဆိုတော်ပေါင်း ၂၀၀ တွင် နံပါတ် ၁၀၀ ၌ ဆရာယုဒသန် ၁၁၅၀-၁၂၁၂ ဟူ၍ သူ့အကြောင်း ဖော်ပြထားရာ ဆရာ မောင်သုတ ပြုစုသည့် စာဆိုတော်များ အတ္ထုပ္ပတ္တိတွင် သူ့တစ်ယောက်တည်း တိုင်းတစ်ပါးသား အနေဖြင့် မြန်မာစာဆို တော်များထဲတွင်ပါနေ၍၊ ဆွမ်းဆန်ထဲ ကြွက်ချေးရော နေသည့်သဖွယ် ခံစားရသောကြောင့် ဖြစ်ပါသည်။ “စာဆိုတော်” ဆိုသည့် တော်ဝင် နန်းထိုက်သော စာဆို များထဲတွင် ဤသာသနာပြု ဆရာကို အဘယ်ကြောင့်များ ဆရာမောင်သုတက ထည့်သွင်း ထားရသနည်းဟုလည်း ဝေခွဲမရ ဖြစ်ရပါသည်။ သို့ကြောင့် ဆရာ ယုဒသန်၏ ဘ၀ကို ဆန်းစစ်ကြည့် မိသည်။

မြန်မာနိုင်ငံသည် ပုဂံခေတ် အနော် ရထာမင်း လက်ထက်မှစ၍ ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံ ဖြစ်လာခဲ့သည်။ မင်း ဧကရာဇ်များ ကိုယ်တိုင်က သာသနာ့ ဒါယကာမင်းများ အဖြစ် အမည်ခံကြသည်။ မြန်မာ လူထုကြီးမှာလည်း ဗုဒ္ဓ ဘာသာ လူထုကြီး ဖြစ်သည်။ ဤမျှလောက် ထုထည်အားဖြင့် ကြီးမားလှသည့် ဗုဒ္ဓဘာသာ အစိုင်အခဲကြီး အတွင်းသို့ ဆရာယုဒသန်သည် ထိုးဖောက်ဝင် ရောက်ရန် ကြိုးစားခဲ့သူဖြစ်၏။

ပဒုံမင်း နတ်ရွာမစံမီ ၆ နှစ် အလိုက ဆရာယုဒသန် (နာမည် အပြည့်အစုံမှာ ဒေါက်တာ အဒိုနိရမ်ဂျပ်ဆင်ခေါ်၏) နှင့် သူ၏ဇနီး အန်တို့ မြန်မာနိုင်ငံ ရန်ကုန်သို့ ၁၈၁၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်တွင် ရောက်လာကြသည်။ ထိုစဉ်က သူသည် ၂၅ နှစ်မျှသာ ရှိသေးသည်။ ဆရာ ယုဒသန်သည် သူ၏ မွေးရပ်ဌာနေ အမေရိကန်ပြည် မြောက်ပိုင်း မော်လဒင်မြို့မှ ထွက်ခွာ လာခဲ့ရာ အမေရိကန် သာသနာပြု လုပ်ငန်းကို ကြိုးပမ်းထမ်း ဆောင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၀င်ရောက်လာသူ ဖြစ်သည်။ အစက မြန်မာနိုင်ငံသို့ လာရောက်ရန် ဟူသော ရည်ရွယ်ချက် မရှိ။ အိန္ဒိယပြည်သို့ သာသနာပြု သွားရာမှ စိုးမိုး အုပ်ချုပ်နေသည့် ဗြိတိသျှ အစိုးရ၏ ငြိုငြင် နှင်ထုတ်ခြင်း ခံရမှုကြောင့် မြန်မာနိုင်ငံသို့ ရောက်လာခြင်း ဖြစ်သည်။

သူတို့ ဇနီးမောင်နှံသည် ရန်ကုန်မြို့သို့ ခရစ်နှစ် ၁၈၀၃ တွင် ရောက်လာကြသည်။ သူတို့၏ သာသနာပြု လုပ်ငန်း ဖြစ်မြောက် အောင်မြင်ရေးသည် မြန်မာ စကားကို နားလည်မှု၊ မြန်မာစာကို တတ်ကျွမ်းမှု အပေါ်တွင် အထူး တည်နေကြောင်း မြော်မြင် သိရှိကြသည့် အလျောက် ဇနီးမောင်နှံ နှစ်ယောက်လုံး မြန်မာ စကားနှင့် မြန်မာစာကို ဆရာ ဦးအောင်မင်းထံ၌ အထူး ကြိုးစားသင် ကြသည်။ မြန်မာ ဗုဒ္ဓဘာသာ လူထုကြီး ၏ အမြတ်တနိုး ဦးထိပ်ထားရာ ဖြစ်သော ပါဠိ စာပေကိုလည်း တတ်မြောက်ဖို့ လိုကြောင်း သဘောပေါက်၍ ပါဠိ စာပေကို ပါဠိပိဋကတ် ကျွမ်းကျင်တတ် မြောက်သော ဆရာ ဦးရွှေငုံထံတွင် သင်ယူကြသည်။

ထိုသို့ သင်ယူသည်မှာ သမ္မာကျမ်းစာ မြန်မာပြန်ရန်နှင့် ယင်းတရားတို့ကို မြန်မာ လူထုကြီးအား ဟောပြောရန် ဖြစ်သည်။ သို့သော် မြန်မာပြည်တွင် သာသနာပြု သက်တမ်း ၆ နှစ်နီးပါး ရှိ လာသည့်တိုင်အောင် မြန်မာ လူမျိုးများထဲမှသော် လည်းကောင်း၊ အခြားမြန်မာ တိုင်းရင်းသားများထဲမှသော် လည်းကောင်း ခရစ်ယာန် ဘာသာတွင်းသို့ ၀င်ရောက်သူ တစ်ဦးတစ်ယောက်မှ မရှိပေ။ မြန်မာ အစိုးရ အာဏာပိုင်များကလည်း ဆရာ ယုဒသန်၏ သာသနာပြု လုပ်ငန်းကို ကြည်ဖြူ နှစ်သက်ခြင်း မရှိပေ။ ဆရာ ယုဒသန်နှင့် တွဲ၍ သာသနာ ပြုနေသော ဂျော့အောက် ဆိုသူအား ရန်ကုန်ဝန်ရှင် တော်မင်းကြီးက-

“မြန်မာနိုင်ငံတွင်း မောင်မင်းတို့ ကြိုးပမ်း လုပ်ဆောင်နေချက် မှန်သမျှကို ရုံးတော်သို့ လာရောက် လျှောက်ထားရမည်။ မပြုလုပ်က အပြစ်အလျောက် စီရင်မည်”ဟု ခေါ်ပြောသဖြင့် ဂျော့နှင့် ဆရာ ယုဒသန် မောင်နှံသည် ရုံးတော်သို့ သွားရောက်ထုချေ ဖြေရှင်းခဲ့ကြရ သည်။ ထို့ကြောင့် ဆရာ ယုဒသန်သည် အင်းဝ နေပြည်တော်ရှိ မြန်မာ ဘုရင် မင်းမြတ်ထံ နိုင်ငံတော် အတွင်း ခရစ်ယာန် သာသနာပြု အမိန့်ကို တရားဝင် တောင်းခံရန် ကြံရွယ်သည်။

ထိုအချိန်၌ သာသနာပြု သက် တမ်း ၆ နှစ်ပြည့်ရန် ၁၆ ရက် အလိုတွင် ခရစ်ယာန် ဘာသာတွင်းသို့ ၀င်ရောက်လာသူတစ်ဦး ပေါ်ပေါက်၏။ ထိုသူမှာ မောင်နောဆိုသူ ဖြစ်သည်။ ၁၈၁၉ ခု ဇွန် လ ၂၇ ရက်တွင် မောင်နော ခရစ်ယာန် ဘာသာတွင်းသို့ ၀င်၏။ (ထို့ကြောင့် မောင်နောကို ဂုဏ်ပြုသောအားဖြင့် ရန် ကုန်မြို့ လမ်းမတော်တွင် “ဦးနော ဇရပ်” ဟူသော အဆောက်အဦကြီးကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။)

၁၈၁၉ ခုနှစ်၊ ဒီဇင် ဘာလ ၂၁ ရက်တွင် ဆရာယုဒသန် အင်းဝ နေပြည် တော်သို့ ထွက်ခွာ လာခဲ့သည်။ ထိုနှစ်မှာ အင်းဝ နေပြည်တော်၌ စစ်ကိုင်းမင်း နန်းတက်သောနှစ် ဖြစ်သည်။ မြန်မာ ဘုရင်အား ဆက်သရန် ရွှေပိန်း ချထားသော သမ္မာကျမ်းစာ ၆ တွဲခွဲ၍ ယူ ဆောင်ခဲ့သည်။ အတွင်းဝန်ဦးစ၏ အကူအညီဖြင့် ဘုရင့် ရှေ့တော်မှောက်ဝင် ရောက်ခဲ့ရသည်။ မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ခရစ်ယာန် သာသနာပြုခွင့် ပေးပါမည့် အကြောင်းတင်လွှာကို သံတော်ဆင့်က ဖတ်ကြား လျှောက်ထား ပြီးနောက် “ဓမ္မပေစာ” ကို ဘုရင်မင်း မြတ်အား ဆက်သလိုက်သည်။ ထို ပေစာတွင်-

“အနိစ္စ ရောက်တတ်သော သတ္တ၀ါ တကာတို့၏ အစိန္တေယျ အပ္ပမေ ယျ ကျေးဇူးတော် အစုံ၊ ဂုဏ်တော် အပေါင်းတို့နှင့် ပြည့်စုံတော်မူသော ထာဝရ ဘုရားတစ်ဆူတည်း သာလျှင် ရှိတော်မူကြောင်း၊ ထာဝရ ဘုရားမှ တစ်ပါး အခြား မရှိကြောင်း”
ဟုပါလေရာ စစ်ကိုင်းမင်းသည် ယင်းစာပိုဒ်ကို ဖတ်ရှုတော်မူပြီးနောက် ဆက်ဖတ်တော်မမူတော့ဘဲ ပေစာကို အောက်သို့ လွှတ်ချတော် မူလိုက်သည်။ သံတော်ဆင့်က ကောက်ယူကာ ဆရာ ယုဒသန်အား ပြန်ပေးပြီးနောက် ရွှေပိန်း ချထားသည့် သမ္မာကျမ်းစာ အတွဲကို ဆက်သမည် ပြုသော်လည်း ဘုရင် မင်းမြတ်က မသိကျိုးကျွန်နေ တော်မူ သည်။ ဆရာယုဒသန် လာရင်း ကိစ္စ အတွက် အရေး မလှတော့ပြီ။

“အမေရိကန် ဆရာတို့သည် အဘယ်ကြောင့် ဤအခွင့်အရေးကို အသနား ခံကြသနည်း။ ဘရင် ဂျီ၊ အင်္ဂလိပ်၊ ပသီ စသော အခြား ဘာသာဝင်တို့သည့် မိမိတို့ဘာသာ ထုံးစံအတိုင်း ကျင့်စောင့် ကိုးကွယ်နိုင်သည် မဟုတ်လော၊ အမေရိကန် ဆရာတို့၏ သံတော် ဦးတင်ရာ အကြောင်းများနှင့် စပ်လျဉ်း၍၊ မည်သည့်အမိန့်မျှ ချအပ် တော်မမူလို၊ ကျမ်းစာများကိုလည်း အသုံးတော် တစ်စုံတစ်ရာ မရှိသောကြောင့် ပြန်ယူသွားကြ စေ”
ဟုပင် မိန့်တော်မူလေရာ ဆရာ ယုဒသန်သည် အင်းဝ နေပြည်တော်မှ ရန်ကုန်သို့ ပြန်လာခဲ့ရလေသည်။

ရန်ကုန်သို့ ပြန်ရောက်ပြီး ၅ လ အကြာ မြန်မာ အမျိုးသမီး မမင်းလှနှင့် ဦးရွှေငုံတို့ ခရစ်ယာန်ဘာသာသို့ ၀င်ကြသည်။ မမင်းလှသည် မြန်မာ အမျိုးသမီးများထဲမှ ပထမဆုံး ခရစ်ယာန် ဖြစ်သူတည်း။ ဦးရွှေငုံမှာ ဆရာ ယုဒသန်အား ပါဠိစာပေ သင်ပေးသူဖြစ်သည်။

၁၈၂၂ ခုနှစ်တွင် ဆရာ ယုဒသန်သည် သာသနာပြု ဆရာဖြစ်သော ဆရာဝန် ဒေါက်တာပရိုက်နှင့် အင်းဝသို့ ဒုတိယ အခေါက် သွားရောက်ပြန်သည်။ ဒေါက်တာ ပရိုက်မှာ မျက်စိကုဆရာဝန် ဖြစ်ရာသူ၏ ဂုဏ်သတင်း ပျံ့နှံ့မှုကြောင့် မြန်မာဘုရင် အစိုးရစရိတ်ဖြင့် အင်းဝသို့ ခေါ်တော်မူခြင်း ဖြစ်သည်။ သို့ ကြောင့် ဆရာယုဒသန်သည် ဒေါက်တာ ပရိုက်နှင့် ကပ်၍ အင်းဝသို့ လိုက်ခဲ့သည်။ ဒေါက်တာ ပရိုက်၏ မျက်စိကုဆေး ပညာစွမ်းရည်ကို သဘောကျ၍ အင်းဝ၌ အမြဲ နေထိုင်ရန် ဘုရင်က မိန့်ကြားတော် မူသည်။ ဆရာ ယုဒသန်သည် ဒေါက်တာ ပရိုက်နှင့်ကပ်၍ အင်းဝ၌ နေရန် အခွင့် သာလာသဖြင့် သူ့ဇနီးအန်ကို ၁၈၂၄ ခုနှစ်၊ ဇန်န ၀ါရီလ ၃ ရက်တွင် အင်းဝသို့ ခေါ်ဆောင် လိုက်လေသည်။ ထိုအချိန်က ဆရာ ယုဒသန် မြန်မာပြည် ရောက်သည်မှာ ၁၀ နှစ်ခွဲ ရှိပြီ။ ခရစ် ယာန်ဘာသာသို့ ၀င်သူပေါင်း မှာ ၁၈ ယောက်သာ ရှိသေးသည်။

ထိုအချိန်တွင် အင်္ဂလိပ်နှင့် မြန်မာ စစ်ဖြစ်လာသည်။ ၁၈၂၄ ခုနှစ်၊ ဇွန်လ ၈ ရက်တွင် ဆရာ ယုဒသန်နှင့် ဒေါက်တာ ပရိုက်တို့ အပါအ၀င် နိုင်ငံခြားသား မျက်နှာဖြူ အချို့ အဖမ်း ခံရလေသည်။ ဆရာ ယုဒသန်ကို ရှေးဦးစွာ အင်းဝမြို့ လက်မရွံ့ထောင်တွင် ၁၁ လ၊ နောက် ထိုထောင်မှ ဆယ်မိုင်ကွာသော အောင် ပင်လယ်ထောင်တွင် ၆ လ အချုပ် ခံရကာ ရန္တပို စာချုပ် ချုပ်ဆိုချိန်၌ မြန်မာအစိုး ရဘက်မှ စကားပြန် အဖြစ်လိုက်ပါ ဆောင်ရွက်ပေး၍ လွတ်မြောက်ခဲ့သည်။ ဇနီးကို ခေါ်ကာ အင်းဝမှ ထွက်ခွာခဲ့၏။ ထိုအချိန်၌ ခရစ်ယာန် ဘာသာသို့ ၀င်ခဲ့သူ ၁၈ ယောက်အနက် ၄ ယောက်သာ၊ ကျန်တော့သည်။ ၄င်းတို့ မှာ မောင်ရွှေဘ၊ မောင်အင်း၊ မမင်းလှနှင့် မတုတ်တို့ ဖြစ်သည်ဟု သိရ၏။

ဆရာ ယုဒသန်သည် အင်္ဂလိပ်ပိုင် ကျိုက္ခမီမြို့သို့ ပြောင်းရွှေ့နေထိုင်၏။ ဇနီးအန်သည် ၁၈၂၆ တွင် ကျိုက္ခမီ၌ ကွယ်လွန်သည်။ ထို့နောက် မော်လမြိုင်သို့ ရွှေ့ပြောင်း နေထိုင်သည်။ ထိုသို့ အင်းဝ၊ ကျိုက္ခမီ၊ မော်လမြိုင်တို့တွင် နေထိုင်ရင်း သူ၏ ရည်ရွယ်ချက် အတိုင်း သာသနာ ဖွံ့ဖြိုးရေးအတွက် အဘိဓာန် ပြုစုခြင်း၊ ဘာသာ ပြန်ဆိုခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ယင်းနှစ် မကုန်မီတွင် ဆရာ ယုဒသန် အင်းဝသို့ သွားရန် ကြုံ လာပြန်သည်။ ရန္တပိုစာချုပ် အပိုဒ် ၇ အရ အိန္ဒိယ ဘုရင်ခံချုပ်က မြန်မာဘုရင့် အစိုးရနှင့် ဗြိတိသျှ အစိုးရတို့ ကူးသန်း ရောင်းဝယ်ရေး စာချုပ်တစ်ခု ချုပ်ရန် တနင်္သာရီတိုင်း မင်းကြီးဖြစ်သော မစ္စ တာ ခရော့ဖို့ ခေါင်းဆောင်သော သံအဖွဲ့ကို အင်းဝသို့ စေလွှတ်ရန်၊ ယင်းသံအဖွဲ့တွင် လက်ထောက်အဖြစ် လိုက်ပါရန် မြန်မာလို ရေရေလည်လည် ကျွမ်းနေသော ဆရာ ယုဒသန်ကို ခေါ်ဆောင်စေသည်။ ဆရာ ယုဒသန်သည် အင်းဝသို့ မလိုက်ပါလိုချေ။ သို့သော် ယင်းစာချုပ် တွင်-

“မြန်မာ လူမျိုးများသည် ဘာသာ တစ်ခုကို အဆီးအတား အကန့် အကွက် မရှိ လွတ်လွတ်လပ်လပ် ခံယူနိုင်ခွင့် ရှိစေရမည်”ဟူသော အချက်တစ်ချက်ထည့် သွင်းရန် မြန်မာ အစိုးရထံ ရလိုရငြားဟူ သော မျှော်လင့်ချက်ဖြင့် လိုက်ပါ သွားခဲ့သည်။ သို့သော် တကယ်တမ်းတွင် မြန်မာ အစိုးရက ဤအချက်ကို ပယ်ချ လိုက်ရာ ဆရာ ယုဒသန် အင်းဝသို့ လိုက်ရကျိုး မနပ်တော့ချေ။

ပုဂံမင်း လက်ထက်တော်၌လည်း ဆရာ ယုဒသန် အမရပူရ နေပြည်တော်သို့ တက်ရန် ကြံသေးသည်။ သို့သော် ပုဂံမင်းသည် လည်းကောင်း၊ ညီတော် မင်းတုန်းမင်းသည် လည်းကောင်း ဗုဒ္ဓသာ သနာကို အလွန် ကြည်ညိုသော မင်းများ ဖြစ်သည့် အလျောက် သာသနာ့ ဒါယကာ အမည် ခံနေသူများ ဖြစ်ခြင်းကြောင့် သူ့အကြံကို နောက်ဆုံး လက်လျှော့ လိုက်ရ၏။

ခရစ်နှစ် ၁၈၅၀ ပြည့်နှစ်တွင် မော်လမြိုင်၌ နာမကျန်း ဖြစ်သဖြင့် နေရပ်သို့ ပြန်ရန် သင်္ဘောဖြင့် ထွက်ခွာခဲ့ရာ လမ်းခုလတ် သင်္ဘောပေါ်တွင် သြဂုတ်လ ၁၂ ရက်၌ အနိစ္စ ရောက်သဖြင့် ရေချ သင်္ဂြိုဟ် လိုက်ရသည်။ ဆရာ ယုဒသန် သည် မြန်မာဘုရင် ပဒုံမင်း၊ စစ်ကိုင်းမင်း၊ သာယာဝတီမင်း၊ ပုဂံမင်း၊ မင်း တုန်းမင်းတို့ လက်ထက်တိုင်မင်း ၅ ဆက်ကို မီလိုက်သောသူ ဖြစ်သည်။
ဆရာ ယုဒသန်၏ သာသနာ ပြုမှုကြောင့် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲပြီးစ မြန်မာ ခရစ်ယာန်လေးဦးသာ ကျန်ခဲ့ သော်လည်း ခရစ်နှစ် ၁၉၁၀ ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံးတွင် ခရစ်ယာန် ဘာသာဝင်လူပေါင်း ၇၀၃၉၆ ထိ တိုးတက် လာသည်ဟူသော မှတ်တမ်း တစ်ခုကို ဖတ်ရဖူးသည်။ ယခု နောက်ထပ် နှစ်တစ်ရာ အကြာ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံလုံးတွင် ခရစ်ယာန် ဘာသာ ၀င်သူပေါင်း မည်မျှတိုးတက် များပြားလာမည်နည်း။ အဖြေ ရှာကြည့်က သိရပေမည်။

ထို့ကြောင့် သာသနာပြု ဆရာ ယုဒသန်၏ကျေးဇူးသည် ခရစ်ယာန် သာသနာ အတွက် အလွန်ပင်ကျေးဇူး များခဲ့ပေမည်။ ထို့ကြောင့်လည်း မြန်မာ ပြည်ရှိ ခရစ်ယာန်များက ဂျပ်ဆင်ကောလိပ် (ယခုရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာ အဆောက်အဦ) ဟူ၍လည်းကောင်း၊ ၄င်းဘေးတွင် ဂျပ်ဆင်ချပ်(ဘုရားရှိခိုး ကျောင်း) ဟူ၍လည်းကောင်း အဆောက်အဦများကို သူ့အမည်ဖြင့် ဂုဏ်ပြု တည်ထောင်ပေးခဲ့ကြသည်။

လွန်ခဲ့သော တစ်နှစ်၊ နှစ်နှစ်က ကျွန်တော်၏ ခရစ်ယာန် မိတ်ဆွေများ သည် မော်လမြိုင်သို့ သွားကြသည်။ မော်လမြိုင်၌ ဆရာ ယုဒသန် တည်ဆောက် ပေးခဲ့သော ပထမ ဘက်ပတစ် ဘုရားရှိခိုးကျောင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ကျင်းပသောကြောင့် ဖြစ်၏။ မကြာမီ ခရစ်နှစ် ၂၀၁၃ ခုနှစ် တွင် ဆရာ ယုဒသန် မြန်မာပြည် ရောက်သည့်နှစ် ၂၀၀ ပြည့် အထိမ်းအမှတ် ကျင်းပ ကြလိမ့်မည် ဟူ၍လည်း ထိုမိတ် ဆွေများထံမှ သိရပါသည်။

ဤသို့ သူ့ဘ၀ကို ဆန်းစစ်ကြည့်သော အခါ သူသည် အမေရိကန် သာသနာပြု လုပ်ငန်းကို ကြိုးပမ်းထမ်းဆောင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် အိန္ဒိယမှ တစ်ဆင့် မြန်မာပြည်သို့ ရောက် လာသည်။ သူတို့၏ သာသနာ အကျိုးများရေး အတွက် မြန်မာစကား၊ မြန်မာစာ၊ ပါဠိစာပေတို့ကို သင်ကြားတတ် မြောက်ခဲ့သည်။ ထိုသို့ တတ်မြောက် ခဲ့ရာမှ ပထမမက္ခရာ မင်းသားကြီးတို့နှင့် အပေါင်းအသင်း ဖြစ်ပြီး မက္ခရာ မင်းသားကြီးက အင်္ဂလိပ် အဘိဓာန်ကို မြန်မာဘာသာ ပြန်ဆိုခဲ့သည်။ ဒေါက်တာ ပရိုက် အကူအညီနှင့် ပြန်ဆိုခြင်းဖြစ်၏။ ဒေါက်တာ ပရိုက် မရှိသောအခါ ချား လိန်းက အင်္ဂလိပ် အဘိဓာန်က မြန်မာ ဘာသာကို ပြန်ပေးပြီး မက္ခရာ မင်းသား ကြီးက စီစဉ် တည်းဖြတ်ပေးသည်။

ဆရာ ယုဒသန်ကလည်း “မြန်မာ- အင်္ဂလိပ် အဘိဓာန်” နှင့် “အင်္ဂလိပ်-မြန်မာ အဘိဓာန်” တို့ကို နှစ်ရှည်လများ ကြိုးစား ပြုလုပ်ခဲ့သည်။ (၄င်းမြန်မာ-အင်္ဂလိပ် အဘိဓာန်ကြီးကား ဆရာ ယုဒသန် အနိစ္စ ရောက်ပြီးနောက် တစ်နှစ်ခန့် အကြာ ခရစ်နှစ် ၁၈၅၂ ခုနှစ်တွင် မော်လမြိုင်မှ အင်္ဂလိပ် ဘုန်းကြီး အီးအေ စတီပင် ဆက်လက် ကြိုးပမ်းချက် အရ ထွက်ပေါ်လာနိုင်ခဲ့ပါသည်။) ထို့ကြောင့် ဆရာ မောင်သုတသည် ဆရာ ယုဒသန်အား မြန်မာ စာပေကို လိုလားလိုက်စား လိုသူ တိုင်းတစ်ပါးသားတို့ အတွက် အဖိုးအနဂ္ဃ ထိုက်တန်လှပေသော “မြန်မာ -အင်္ဂလိပ် အဘိဓာန်” နှင့် အင်္ဂလိပ်-မြန်မာအဘိဓာန်” တို့ကို နှစ်ရှည်လများ ကြိုးစား အားထုတ်ခဲ့သူ အဖြစ် သူ့ကို “စာဆိုတော်များ အတ္ထုပ္ပတိ္တ” စာအုပ်တွင် အခြား မြန်မာ စာဆိုများနှင့် တွဲဖက်၍ မြန်မာစာ အကျိုးပြု စာဆိုတော်ကြီး အနေဖြင့် ထည့်သွင်းသည်ကို ကျွန်တော် သဘော ပေါက်လာပါသည်။ ဆရာ ယုဒသန် အပေါ် အမြင်မကြည်ခြင်း ဖြစ်ခဲ့ရသည့် အပေါ် ကျွန်တော် မှားကြောင်း ၀န်ခံပါရစေ။

မောင်သန်းဆွေ၊ထားဝယ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၁)

Source...http://lubo601.blogspot.com/2011/08/blog-post_9861.html#more
Back to Top